ပြဿနာရဲ့ အဖြေမှန်ဟာ အလင်းအားနဲ့အတူတူပါ။

ပြဿနာရဲ့ အဖြေမှန်ဟာ အလင်းအားနဲ့ အတူတူပါဘဲ ၊အလင်းအားကောင်းလေလေ အမှောင်ထုလွင့်ပြယ်ရလေလေ မဟုတ်ပါလား ။ အဖြေမှန်ရလာတာနဲ့အမျှ ထင်မြင်လွဲမှား မှုက ကြီးထွားလာနေကြတဲ့ အမုန်းတရား ၊ အာဃာတတရားတွေ အမြန်ဆုံး ကွယ်ပျောက်လွင့်ပြယ် ကုန်ကြရပြီး သူတို့ရဲ အောက်မှာ ငုပ်လျှိုးတိမ်မြုပ်နေခဲ့ကြရတဲ့ ဖြူစင်တဲ့ မေတ္တာတွေ ပြန်လည်ရှင်သန်နိုးထ လာကြမှာ ဧကန်မုချ ဖြစ်ပါတယ် ။

ပြဿနာနဲ့ကင်းတဲ့သူ ၊ ပြဿနာမရှိတဲ့သူဆိုတာ ဘယ်မှာရှိနိုင်ပါမှာလဲ ။ အသင်းအဖွဲ့ ၊ လူ့အသိုင်းအ၀ိုင်း ၊ ဆွေမျိုးမိသားစု ၊ အသိုက်အမြုံတွေ ကြားမှာ ပေါ်လာရတဲ့ ပြဿနာတွေ ၊ လူအမျိုးမျိုး စိတ်အထွေထွေ လို့ဆိုသလို အထွေထွေ ဆိုကတည်းကိုက ကွဲပြားမှု မတူတာတွေ ရှိနေပြီ။ မတူညီခြင်းဟာ ပြဿနာရဲ့ အစ ၊ မတူညီကြလို့ဖြစ်လာတဲ့ ပြဿနာဟာ သဘာဝတရားပေါ့ ။

သူတစ်ပါးမပါ မိမိ တဦးတယောက်တည်းမှာရော ပြဿနာက ကင်းနိုင်ရဲ့လား ၊ ဒွိဟ စိတ်နဲ့ အမြဲလိုလို ပြဿနာနဲ့ ရင်ဆိုင်နေကြရတာပါပဲ ။ ဒီကိစ္စငါလုပ်ရမယ် ၊ လုပ်ကို လုပ်မှဖြစ်မယ် ။ ဟာ ... ငါလုပ်လို့မဖြစ်သေးပါဘူးဟ ။ ငါဒီလိုလုပ်ချလိုက်ရင် ဟိုလို တွေဖြစ်မလာနိုင်ဘူးလား ။ အို ... ဘာဘဲဖြစ်ဖြစ် ဒီလိုပြတ်ပြတ်သားသား လုပ်ဖြစ်မှ ကိစ္စပြတ်သွားနိုင်တယ် ။ ........... စဉ်းစားလိုက်အုံးနော် ။ ကိစ္စပြတ်တယ်ဆိုတာလဲ ငါအခု စိတ်ထက်သန်နေတုံးဘဲ ပြောတဲ့ စကား ၊ တကယ်ပြတ် ဖို့ကျတော့ အပြောလွယ်ပေမယ့် လက်တွေ့မှာ အငိုလွယ် အရှိုက်ခက်သတဲ့ ။
တခါတလေ အချိန်တွေပိုနေ အားနေလို့ ကိုယ်တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိ ပျင်းနေရတဲ့ အချိန် ၊ တန်ဖိုးရှိရှိ အသုံးချဖို့ မလိုအပ်တဲ့ အချိန် ပိုကာလတွေ ရှိတတ်ကြတယ် ။ အဲဒီအချိန်မှာ မိမိခင်တဲ့ သူငယ်ချင်း ဆီကို သွားလည်ချင်တဲ့ ဆန္ဒပေါ်လာတယ် ။ သွားလည်လိုက်အုံးမယ်ပေါ့ ။ ဒါပေမဲ့ သူငယ်ချင်းက ရှိချင်မှ ရှိနေမှာ ၊ သွားမနေပါနဲ့လေ ။ မသွားတော့ဘူး ဆုံးဖြတ်ပြီးခါမှ စကားပြောချင်စိတ်က ပြန်ပေါ်လာပြန်တယ် ။ အပြင်လှမ်းကြည့်လိုက်တော့ နေက ချစ်ချစ်တောက်ပူလို့ ။ ဟာ ..... သူမရှိလို့ ပြန်လာရရင် နေက ဒီလောက်ကြီး ပူနေတာ ။ အဲလိုမျိုး ဘာမဟုတ်တဲ့ အသေးအဖွဲ ပြဿနာမျိုး တွေလေ ၊ အစားအသောက်နဲ့လည်း အဲဒီလို ပြဿနာလေးတွေ တတ်တတ်သေး တာဘဲ မဟုတ်လား ။ စားကလည်း စားချင် ကိုယ့်ရောဂါနဲ့ကလည်း မတည့် ၊ ဖြစ်ချင်ရာဖြစ် ဇွတ်စားမိလိုက်ပြီးမှ ရောဂါပဲ တိုးလာသလိုလို စိတ်ကဖြစ်လာ ၊ ကိုယ့်ကိုယ်ကို စိတ် အလိုလိုက်ရကောင်းလားလို့ နှောင်တရလိုက် ၊ ဒေါသဖြစ်လိုက် နဲ့ ဒါတွေဟာ ကိုယ်တစ်ယောက်တည်း ဖြစ်နေရတဲ့ ပြဿနာ တွေပဲ မဟုတ်လား ။။။။။။။။။။။။။။။။
မိမိ သိပ်ကို ချစ်ခင်ပြီး သံယောဇဉ်ကြီးရတဲ့ မိသားစု ၊ မိတ်တွေ အကြားမှာ မထင်မှတ်ဘဲ ကြေကွဲစရာ ခံပြင်းနာကြည်းပြီး တမြည့်မြည့်ခံစားရတဲ့ အထင်အမြင် လွဲမှားမှုပေါ်မှာ အပြစ်မြင်ပြီး ပေါ်ပေါက်လာရတဲ့ ပြဿနာမျိုးတွေ ရှိလာတတ်ကြပါတယ် ။ ခိုင်မြဲတဲ့ သံယောဇဉ်အနှောင် အဖွဲ့တွေ အကျိုးပဲ့ ပြတ်တောက်သွားကြရတဲ့ အထိ ပြဿနာက တစ်စတစ်စ ပိုပိုကြီးထွားလာတတ်တယ် ။ အဖြေမှန်ကို မဖော်ထုတ်နိုင်သေး သရွေ့ သံယအပေါ် သံသယဆင့်ပြီး သေကုန်ကြတဲ့အထိ ဆက် စပ်မရ ဖြစ်တတ်ကြတဲ့ သာဓကတွေ လောကကြီးမှာ အများကြီးရှိပြီးခဲ ကြပြီ ။ ဒါကြောင့် ပြဿနာစက်ကွင်း ထဲမှာပဲ ရှိနေကြတဲ့ လူသားအားလုံးက ဒီပြဿနာကို ချေဖျက်နိုင်ကြဖို့ ၊ ခွင့်လွှတ်နိုင်ကြဖို့ အသီးသီးတာဝန်ရှိကြတယ် ။ ကြိုးစားချေဖျက်ယူကြရပါလိမ့်မည် ။

ဒီပြဿနာ စက်ကွင်းထဲမှာ ပါဝင်နေကြသူ အားလုံးက သူတစ်ပါးအပြစ်ကို ချည်း ပုံကြီးချဲ့တွေး မနေဘဲ ၊ သူတစ်ပါးအပေါ်ကို ချည်း အပြစ်တွေ တရစပ်ပုံဖို့ မနေကြဘဲ " ငါကကော " ဆိုတဲ့ အတွေးမျိုးကို တွေးဖြစ်အောင် တွေးယူကြည့်လိုက်ပါ ။ ငါ့ရဲ့ ချို့ယွင်း ချက်နဲ့ မှားယွင်းမှုတွေ ကရော အခု ဖြစ်ပေါ်လာရတဲ့ ပြဿနာထဲ မှာ အချိုးအစားအားဖြင့် ဘယ်လောက်ပါဝင်နေသလဲ ဆိုတဲ့ သုံးသပ်မှုမျိုး ကို မိမိကိုယ်မိမိ နှစ် ကိုယ်ခွဲပြီး သတ္တိရှိရှိ စစ်ဆေးသုံးသပ်ကြည့်လိုက်စမ်းပါ ။ အဲဒီလို မငဲ့ မညှာ သုံးသပ်မှုရဲ့ တန်ဖိုးကြီးမားမှု ကို လက်တွေ့ခံစားရပါလိမ်မယ် ။ စာရေးသူ ကိုယ်တိုင်လည်း မမျှော်လင့်တဲ့ ပြဿနာ အကြီးငယ်တို့ ကို ထိတ်တိုက်ရင်ဆိုင်ခဲ့ ဘူးပြီးပြီ ။ စာဖတ်သူ များလည်း အသေးအဖွဲ သော ပြဿနာများကို ရင်ဆိုင်ဖူးကြမှာပါ ။
ဥပမာ လေ့လာကြည့်ကြပါစို့ ...........
ချိန်ခွင့်တစ်ဖက်ပေါ်မှာ ထည့်ချိန်တဲ့ အလေးအချိန် သိလိုတဲ့ ပစ္စည်းရှိမယ် ၊။
ကျန်တစ်ဖက်ပေါ်မှာ တော့ အဆုံးအဖြတ်ပေးရမယ့် အလေးတွေ ရှိနေမယ် ။
မိမိတစ်ပါးသူ အပေါ် သံသယနဲ့ စွပ်စွဲထားချက်နဲ့ ဖြစ်ပေါ်ခံစားနေရတဲ့ နာကြည်းနေရမှုက ( ပစ္စည်း )ဆိုပါစို့ ။ ကျန်တစ်ဖက်မှာက သံသယကို ချေဖျက်ဖို့ ၊အာဃတ ကို ပယ်နူတ်နိုင်ဖို့ (အလေး ) ။ မိမိ က အချိန်တိုင်းဖြည့်ဖို့နေလို့ (ပစ္စည်း)အာဃတအမုန်းတွေ ထည့်ထားတဲ့ ချိန်ခွင်ဘက်မှာ ချိန်ခွင်လျှာထွက်နေတာ ၊ အလေးသာနေတာက တစ်နေ့ထက်တစ်နေ့ ဟိုး.... အဆုံးထိစောင်းကျနေပြီနော် ။
အမှန်တရားဘက်မှာ ချိန်ခွင်လျှာ လုံးဝကို မရှိတော့ဘူး ။ အဲဒီလို တစ်ဖက်စောင်းနင်းကြီးဖြစ်နေစမ်းပါစေ ။ စောစောက ပြောခဲ့သလို မိမိ အပြစ် အားနည်းချက်ကို မငဲ့မညှာ သတ္တိရှိရှိ ရှာဖွေနိုင်ခဲ့လို့ မိမိ အပြစ် အားနည်းချက်ကို ဘွားခနဲ တွေ့လိုက်ပြီ ဆိုတာနဲ့ .... ။
မိမိနေ့စဉ်စု ပြုံ ထည့်နေခဲ့တဲ့ ချိန်ခွင်ဘက်က (ပစ္စည်း) အာဃတ အမုန်းတွေ ကို ချိန်ခွင်ပေါ်ကနေ ဆွဲထုတ်ယူချလိုက်သလိုမျိုး ချိန်ခွင် လျှာဟာ အမှန်တရား (အလေး) တွေ ထည့်ထားတဲ့ဘက်ကို တစ်မု ဟုတ်ချင်းရောက်ချသွားပါလိမ့်မည် ။ မိမိရင်ထဲမှာ အာဃတနဲ့ အမုန်းတရား နာကြည်းခံပြင်းမှုတွေ ဟာလည်း ချိန်ခွင်ပေါ်မှာ ထည့်ထားတဲ့ ပစ္စည်းတွေကို ဆွဲနုတ်ယူလိုက်သလို အမြန်ဆုံး ပျောက်ကွယ်ပေါ့ပါးသွားပြီး မိမိတစ်ပါးသူတွေ အပေါ်မှာ ထားရှိ စွပ်စွဲမိနေတဲ့ သံသယနဲ့ အမုန်းတရားတွေ အစား ချစ်ချစ်ခင်ခင် လုံးလုံးထွေးထွေး ယုယု ယယ ရှိနေခဲ့ကြစဉ် အနစ်နာ ခံခဲ့ကြပုံတွေ ၊ ကြင်နာခဲ့ကြပုံတွေ ။ စည်းရုံးခဲ့ကြပုံတွေ စတဲ့စတဲ့ ပုံရိပ်တွေ အလျှင်အမြန်ထင်ဟပ်လာပြီး သံယောဇဉ်တွေ ပြန်လည်ရှင်သန် လာကြပါလိမ့်မည်ဆိုတာ ရဲရဲ ကြီး ယုံကြည်လိုက်စမ်းပါ ။

နောက်တခု အဖြေထုတ်ကြစို့အုံး ...................
အခန်းတစ်ခန်းထဲမှာ လူငါးယောက် တိတိရှိကြမယ် ၊ အဲဒီလူငါးယောက်ထဲကမှ လူတစ်ယောက်ကို ဒီအခန်းထဲမှာ လူဘယ်နှစ်ယောက်ရှိပါသလဲ လို့ ရေတွက်ခိုင်းပြီ ဆိုပါတော့ ။ ရေတွက်သူက ( တစ် ၊ နှစ် ၊ သုံး၊ လေး ) ဆိုပြီး စိတ်နဲ့ ဖြစ်ဖြစ် ၊ ပါးစပ်နဲ့ အသံထွက်ပြီး ဖြစ်ဖြစ် ရေတွက်ပြီဆိုပါတော့ ။ ဒီအဖြေ မှန်ပါရဲလား ။ ဒီအခန်းထဲမှာ ရှိနေကြတဲ့ လူက ငါးယောက်မဟုတ်ပါလား ။ ဒီငါးယောက်ထဲက ဘယ်သူကိုဘဲ ရေတွက်ခိုင်းရေတွက်ခိုင်း (တစ် ၊နှစ် ၊ သုံး၊ လေး ) ဆိုတဲ့ အဖြေသာ ရရှိနေ သရွေ့ အဖြေမှားပဲ ဖြစ်နေမှာပါပဲ ။
တစ်ယောက် က (တစ် ၊ နှစ် ၊ သုံး ၊လေး၊ ငါး ) ရယ်လို့ အဖြေထွက်အောင် ရေတွက်ပြနိုင်မှ သာ တိကျမှန်ကန်တဲ့ အဖြေမှန်ကို ရရှိလာမှာ ဖြစ်ပါတယ် ၊ အဲဒါကြောင့်လဲ တစ် ၊ နှစ် ၊ သုံး ၊ လေး ဆိုတဲ့ အဖြေကို ရနေသူတွေ ဟာ ဒီထဲမှာ သူ့ ကိုယ်သူ ထည့်မရေတွက်ကြဘဲ ကျန်လူတွေကိုသာ လက်ညိုးထိုး အသားပေးရေတွက်နေခဲ့ကြလို့ပဲ မဟုတ်ပါလား ။ ....... တစ်၊ နှစ် ၊ သုံး ၊ လေး၊ ငါး ဆိုတဲ့ အဖြေမှန် ကို ရရှိသူက ဒီအခန်းထဲမှာ ရှိနေတဲ့ ၊ ပါဝင်နေတဲ့ သူ့ကိုယ်သူ ပါထည့်သွင်းရေတွက်နိုင်ခဲ့လို့ မှန်ကန်တိကျတဲ့ အဖြေကို ရရှိခြင်းပဲဖြစ်ပါတယ် ။ စာရေးသူက အဓိက တင်ပြချင်တဲအကြောင်းက အဲဒါပါ ။ ပြဿနာ တစ်စုံတစ်ရာ ပေါ်လာတဲ့ အခါမှာ မိမိပါ ဒီပြဿနာစက်ကွင်းထဲမှာရှိနေ ၊ ပါနေ ခဲ့မယ်ဆိုရင် မိမိဟာ ဘယ်ထောင့် ဘယ်နေရာမှာ ရှိနေသလဲ ၊။ မိမိရဲ့ မှားယွင်းမှု ၊ ချို့ယွင်းချက် ၊ ပြုမှားမိတဲ့ အမှားတွေ ၊ ဘယ်အချိုးအစားနဲ့ ဒီပြဿနာပေါ်လာစေဖို့ ပါဝင်နေခဲ့ သလဲဆိုတာကို မိမိကိုယ်မိမိ ခွင့်မလွှတ်ဘဲ ၊ လျှောမတွက်ဘဲ သတ္တိရှိရှိ ထည့်သွင်း စဉ်းစားဖို့လိုပါတယ်လို့ ။
ပြဿနာရဲ့ အဖြေမှန်ဟာ အလင်းအားနဲ့ အတူတူပါပဲ ။ အလင်းအားကောင်းလေလေ ၊ အမှောင်ထုလွင့်ပြယ်ရလေလေ မဟုတ်ပါလား ။ အဖြေမှန်ရလာတာနဲ့အမျှ ထင်မြင်လွဲမှားမှုက ကြီးထွားလာနေကြတဲ့ အမုန်းတရား ၊ အာဃတရားတွေ အမြန်ဆုံး ကွယ်ပျောက်လွင့်ပြယ်ကုန်ကြရပြီး သူတို့ရဲ့ အောက်မှာ ငုပ်လျိုးတိမ်မြုပ်နေခဲ့ကြရတဲ့ အဖြူရောင် စစ်စစ် မေတ္တာတရားတွေ ဟာ ပြန်လည်ရှင်သန် နိုးထ လာကြမှာ ဧကန်မုချဖြစ်ပါတယ် ။ ပျောက်ဆုံးနေခဲ့တဲ့ အဖိုးထိုက်ရတနာတွေဆိုတာ ဘယ်အချိန် ၊ ဘယ်ကာလမှာပဲ ပြန်တွေ့တွေ့ တန်ဖိုး နိမ့်ကျမသွားပါဘူး ။
မိတ်ကောင်းဆွေကောင်း ၊ ဆွေကောင်း မျိုးကောင်းတွေ ဆုံးရှုံးကြရတာဟာ ရတနာပစ္စည်းဆုံးရတာထက် နစ်နာ ဆုံးရှုံးမှု ကြီးမားပါတယ် ။
အဆွေခင်ပွန်းကောင်းတွေ မဆုံးရှုံးကြရအောင် အဖြေမှန်ကို ရှာကြပါ ။ မိမိကိုယ်မိမိ ဘယ်တော့မှ အပြစ်ထဲက ဖယ်မတွေးပါနဲ့ ထပ်ဆင့် သတိပေးရင်း ... စာရေးသူလည်း ကြိုးစားနေဆဲပါလို့ ..
မေတ္တာဖြင့် ရွှေကြာ~~

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .