မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား
သင့်ရဲ့ မနက်ဖြန် လှပပါစေ .ဘလောဂ့် မှ ကူယူပြီး ဓမ္မမိတ်ဆွေများ လှပတဲ့ အနာဂါတ် ဖြစ်စေခြင်း အကျိုးကို မျှော်၍ ဆက်လက် ဖြန်ဝေလိုက်ပါသည်.
အမည်ခံ ဗုဒ္ဓဘာသာ ၀င်များနှင့် မြတ်ဗုဒ္ဓအကြောင်းကို ၀ိုးတိုး ၀ါးတား မျှသာ သိသော တချို့ ဗုဒ္ဓဘာသာဝင်များအတွက် သိသင့်သိထိုက်သော တကယ် တန်ဖိုးရှိသော ပိုစ့်ဖြစ်ပါသည်
.
မနက်ဖြန်၏ နောင်တော်ဖြစ်တဲ့ အရှင်ဒေ၀ိန္ဒာဘိဝံသရေးပို့လိုက်သည့် ဆောင်းပါးလေးတစ်ပုဒ်ပါ။ အားလုံး ဖတ်ကြရအောင်နော်။ ဘာတွေရေးထားလဲပေါ့........
မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာ ဟာတိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်း ဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊အကာ သက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလို တဲ့ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြား သွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိ သောကြောင့်တည်း။
``၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။
သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။
အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။
ဆက်လက်ဖတ်ရူရန်...
နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က ``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။
ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။
ဖြစ်သင့်တဲ့လောဘ
ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။
မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။
ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။
ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။
မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။
လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။
တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။
``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။
တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။
ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။
မတရားလောဘဆိုတာ
မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။
ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။
တလွဲဆံပင်ကောင်း
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။
ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။
ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။
တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။
အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။
ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။
``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု
ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)
လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။
``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။
ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။
ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။
ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။
တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။
သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ် ကောင်းလေစွာ့တကား။
စိတ်သာရှင်စော ဘုရားဟော
လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။
တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။
ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။
ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။
စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။
တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်
စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။
တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။
မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။
လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။
ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။
-------------------------------
သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ
မရှောင်သာတဲ့ လောကဓံ
ဘ၀အထွေထွေကို ဖြတ်သန်းနေကြတဲ့ လူသားတွေဟာ လေနင်ရာ လွင့်မျောပြီး ပုံပြောင်းနေတဲ့ တိမ်တိုက်တွေ လို ဘ၀ရဲ့အနိမ့်အမြင့် ဆိုတဲ့ လောကဓံ တရားတွေဟာလည်း လူတိုင်းမှာ ကြုံတွေ့ခဲ့ရပါသည် ။
ဒီလိုဘဲ နေစဉ်နှင့်အမျှ ရင်ဆိုင်နေရတဲ့ .. လဘ်ရခြင်း ၊ မရခြင်း ၊ အခြွေအရံရှိခြင်း ၊ မရှိခြင်း ၊ ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း ၊ချမ်းသာခြင်း ၊ ဆင်းရဲခြင်း ဆိုတဲံ့ ရှစ်ပါးသော လောကဓံတရားတွေ ကို မြတ်စွာဘုရားသခင်သည်.. ဖုဋ္ဌဿလောကဓမ္မေဟိ ၊ စိတ္တံယဿ နကမ္ပတိ ၊ အသောကံ ၀ိရဇံခေမံ ဧတံမင်္ဂလမုတ္တမံ ၊ ..... လောကဓံတရားနှင့် ကြုံတွေ့လာလျှင် စိုးရိမ်ပူဆွေး ငိုကြွေးသောက မဖြစ်ဘဲ မတုန်မလှုပ် သည်းခံနိုင်ခြင်းရှိတာကို မင်္ဂလာတပါး ဖြစ်ပါတယ်လို့ ဟောကြားတော်မူပါသည် ။
ဆက်လက်ဖတ်ရူရန်...
ဘ၀ခရီးလမ်းတလျှောက်မှာ လောကဓံမှုန်တိုင်းတွေကို ရင်ဆိုင်ရင်းနဲ့ စိတ်ပျက်မှု ၊ အားငယ်မှု ၊ ညစ်ညူးမှု ၊ ငိုကြွေးမှု မျိုးစုံကြုံရပါသည် ။ ဖြစ်ချင်တာ ဖြစ်ခွင့်မရှိဘဲ သူဖြစ်ချင်သလို ဖြစ်နေတဲ့ လောကနိယာမထဲ ..ကိုယ့်ရင်ထဲ မွန်းကြပ်ဖိစီးနေတဲ့ ဒေါသမီးတွေ ရှိနေပေမဲ့လည်း အပြုံးမပျက် တဖက်သူအပေါ် စကားပြောနိုင်တဲ့ အကျင့်ကို မိမိတို့လေ့ကျင့်ထားရပါလိမ့်မည်။ ယောနိသောမနသိကာရဆိုတဲ့ သင့်တင့်အောင်စိတ်ကို ထားတတ်ရပါမည် ၊ လူတယောက်ဟာ ဆုံးဖြတ်ချက်တခုကို စိတ်ဖြစ်ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် အဓိက မိမိစိတ်အမြင်မှာ ကြည်လင်နေဖိုလိုအပ်ပါသည် ။ ၊ ကမ္ဘာတလွှားရှိ လူသားတိုင်းနှင့် ဘာသာတရားတိုင်းဟာ စိတ်၏ ငြိမ်းချမ်းမှု ကို ဦးတည်ကြပါသည် ရွှေကြာတို့ ဗုဒ္ဓဘာသာတွင်လည်း ကံ ၊ ညဏ် ၊ ၀ီရိယ သုံးပါးစလုံးပြည့်စုံဖို့ လိုအပ်ပါသည်ဟု အထင်အရှားဟောကြားတော်မူပါသည် ။
လူဆိုတာ အမှားမကင်းတာတော့အမှန်ဘဲ အမှားပေါ် နှောင်တတွေရပြီး နောင်မမှားအောင် ဆင်ခြင်ရမည်ဆိုတာလဲ အသိလေးတွေဝင်ဖို့အရေးကြီးပါသည၊် ဒါမှမဟုတ် အမှားများလာပြန်တော့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျှောသွားနိုင်သည် ၊။ အရာရာအတွက် မျှော်လင်ချက်တွေ ၊ ရည်မှန်းချက်တွေနဲ့ ဘ၀ကို ရင်ဆိုင်ဖြတ်သန်းနေတဲ့အချိန်မှာ အောင်မြင်မှုတွေ ရှိခဲ့သလို ကျဆုံးမှုတွေနဲ့ ရောပြီးခံစားနေကြရသည် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဘူးပါသည် - ကောင်းဆုံးကိုလည်း မျှော်လင့်ထားတယ် ၊ ဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားတယ် တဲ့ ..မျှော်လင့်ခြင်းများစွာနဲ့ အရာတခု ကို ကြိုးစားကြတယ် ကြိုးစားတဲ့အတွက် အောင်မြင်မှုကို မည်သူမဆို လိုချင်ကြသည် ကြိုးစားပါလျှက်နဲ့  မဖြစ်လာတာတွေ ကြုံတွေရင် စိတ်ပျက် စိတ်ဓါတ်ကျပြီး တချို့ဆို ဘ၀ပါ ဆုံးရှုံးသွားကြသည် ။
စိတ်ပျော်ရွှင်မှု ၊ စိတ်ကျေနပ်မှုတွေ ကြုံတွေ့လာတဲ့အခါ အမှတ်တမဲ့ ကျော်လွန်သွားပေမဲ့ စိတ်ဆင်းရဲ့ ဒုက္ခနဲ့ ကြုံတွေတဲ့အခါ မခံနိုင်အောင် စိတ်ပူလောင်ပြီး စိတ်ဓါတ်ကျဆင်းသည်၊ ဒီလိုအချိန်မျိုးမှာ စိတ်တည်ငြိမ်အောင်လေ့ကျင့်ခန်းဆိုတဲ့ တရားထိုင်ခြင်းကို လုပ်ပေးရပါသည် ၊။
မြတ်စွာဘုရားရှင် မိန့်ကြားတော်မူခဲ့ပါသည် .. ရဟန်းတို့ အနာရောဂါဟူသည် နှစ်မျိုးအပြားရှိ၏ ၊ အဘယ်နှစ်မျိုးနည်း . ကိုယ်နာမကျန်းခြင်းနှင့် စိတ်နာမကျန်းခြင်း တို့တည်း . တနှစ် ၂နှစ် နှစ်ပေါင်းတရာ ၊တရာထက်ပို၍၄င်း ၊ ကိုယ်နာမကျန်းခြင်းမှ ကင်းရှင်းပုံရသူများသည် ရှိပေသည် ၊ သိုသော်လည်း ရဟန်းတို့ ကိလေသာညစ်ကြေးကင်းကုန်ပြီးသော ရဟန်းတို့မှအပ ခဏမျှ စိတ်နာမကျန်းခြင်းကင်းသူဟူ၍ လောကတွင်ရှားလှဘိခြင်းဟု မိန့်ကြားတော်မူခဲ့ပါသည် .။ ၊ ဒီတော့ နေ့နေ့ညည လျှောက်လမ်းလို့ မငြိမ်းနိုင်တဲ့ ကိုယ့်ဘ၀ ခရီးလမ်းမှာ ရတာလေးနဲဘဲ ရောင်ရဲမယ်ဆိုတဲ့ သဘောလေးသာမရှိခဲ့ရင် စိတ်ရဲ ငြိမ်းချမ်းမှုဆိုတာ ဘယ်သောခါမှ ရနိုင်မှာ မဟုတ်ပါ ။
လောလောဆယ်မှာ စိတ်ခွန်အားတွေ ပြန်ပြည့်ဖို့ လိုပေသည် တရားထိုင်ချင်းဆိုသည့် ၀ိပဿနာအလုပ်သည် ဗုဒ္ဓဘာသာစစ်စစ် ကမ္မဋ္ဌာန်း စိတ်လေ့ကျင့်မှု လုပ်ငန်းဖြစ်ပြီး သဘာဝတရားကို ထိုးထွင်းသိမြင်ပြီးနောက် စိတ်၏လုံးဝလွတ်မြောက်မှုရခြင်းကြောင့်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသည် ။ စိတ်တိုးတက်မှု( ဘာဝနာ )နှင့်ပတ်သတ်၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူသော ဒေသနာများတွင် အရေးကြီးဆုံးဒေသနာသည် ဒီဃနိကယ်သုတ် (၂၂) သိုမဟုတ် မစ္ဖျိမနိကယ် သုတ် အမှတ်(၁၁) တွင်လာသော သတိပဋ္ဌာနသုတ်ဖြစ်ပါသည် ၊ဤသုတ်တွင်ဟောကြားတော်မူသော ဘာဝနာတရားတော်သည် လောကနှင့် အဆက်ဖြတ်၍ လောကကြီးကို ရှောင်ဖယ်သွားစေရန်မဟုတ်သည်သမက မိမိတို့၏ ဘ၀နေ့စဉ်လုပ်ငန်း ဆောင်တာများ ၀မ်းသာမှု ပူဆွေးမှုများ အပြောအဆို အကြံအစည်များနှင့် ကျင့်သီလ အသိဉာဏ် ဆိုင်ရာများနှင့်ပင် သက်ဆိုင်ပါသည် ။
သတိပဋ္ဌာနသုတ်မှာလည်း (၄)ပိုင်းရှိသည်
၁။ မိမိကိုယ် ၌ ဖြစ်ပျက်မှုကို ရှုသော ကာယနုပဿနာ သတိပဋ္ဌာန်၊
၂။ မိမိတွေထိခံစားနေသော ဝေဒနာတခု၌ ဖြစ်ပျက်မှုကို ရှုရသော ဝေဒနာနုပဿနာ သတိပဋ္ဌာန် ၊
၃။ မိမိစိတ်တခု၌ ဖြစ်ပျက်မှု ကို ရှုရသော စိတ္တာနုပဿနာ သတိပဋ္ဌာန် ၊
၎။ ကိုယ်ကျင့်သီလဉာဏ်ပညာဆိုင်ရာ တရားစု၌ ဖြစ်ပျက်မှုကို ရှုရသော ဓမ္မနုပဿနာ သတိပဋ္ဌာန် ၊
ဒီသတိပဋ္ဌာန်တရားတွေကို ရှုမှတ်အားထုပ်ပြီး စိတ်ဓါတ်ကျစဉ် ခဏတွင်း အလွယ်လင်တကူ ရရှိကာ ဆူကြုံမြင့်တုံ လောကဓံ တရားများကိုလည်း ရွှေကြာတို့အနေနဲ့ ပိုမို ခံနိုင်ရည် ရှိနိုင်မည်ဖြစ်ပါသည် ။
လက်ဝှေးသမားရဲ့ စကားတခွန်းရှိပါသည် ... ထိုးနိုင်တာသာ စွမ်းရည်မဟုတ်ပါ ၊ ထိုးခံနိုင်တာဟာလဲ စွမ်းရည်ပါဘဲ တဲံ့ ....... ဒါကြောင့် မိမိတို့ စိတ်ကို တနေရာအတွက်သာ ပြင်ဆင်ရမှာ မဟုတ်ဘဲ လောကဓံ တရားရှစ်ပါးလုံးအတွက် ခံနိုင်ရည်ရှိအောင် ကြိုတင် ပြင်ဆင်ရပါမည် ဖြစ်ပါသည် ။
ရွှေကြာ . မြန်မာပြည်မှာတုံးက ပဏ္ဌိတာရာမ ရွှေတောင်ကုန်းသာသနာရိပ်သာတွင် တရားအားထုတ်စဉ် ဆရာတော်ဘုရား သြ၀ါဒ မိန့်ဆိုခဲ့ဘူးသည် ....မြင့်တဲ့သူတွေ အပေါ်မှာ ကိုယ်က နိမ့်ရမယ် ၊ နိမ့်တဲ့သူတွေ အပေါ်မှာ ကိုယ်က မြင့်ရမယ် ဆိုတဲ့သြ၀ါဒပါ. ကြိုးစားမှုကြောင့်အောင်မြင်မှု ရလို့ဖြစ်စေ ၊ ထိန်းချုပ်မှုမှ ကင်းလွတ်တဲ့ အနေနဲ့ စိတ်နေစိတ်ထား တစ်မျိုးတမည် ဖေါက်ပြန်နေတဲ့ သူအပေါ်မှာဖြစ်စေ ကိုယ့်ကိုယ်ကို နှိုမ့်ချပြီး ဆက်ဆံရပါမည် ၊။ လောက လူသားတွေနဲ့ ကြည့်မယ်ဆိုရင် ဒီလိုနှိုမ့်ချဆက်ဆံတာကို အောက်ကျတယ်လိုထင်နိုင်ပါသည် ၊ မြတ်စွာဘုရားအလိုတော်ကျ ကြည့်မယ်ဆိုရင်တော့ ကိုယ်က နိုမ်ချဆက်ဆံခြင်းသည် အသာရလိုက်တာပါဘဲ ၊ ဒါကိုရည်ရွယ်ပြီး မြင့်တဲ့သူတွေ အပေါ်မှာ ကိုယ်က နိုမ့်ရမယ်ဆိုတာဖြစ်သည် ၊ နိုမ့်တဲ့သူတွေ အပေါ်မှာ ကိုယ်က မြင့်ရမယ်ဆိုတာကတော့ သီလ ၊ သမာဓီ ၊ ပညာ တရားတွေ နည်းပါးတဲံ အနေအနဲ့ နိုမ့်ကျသူတွေ ထက် ကိုယ်က သီလ ၊ သမာဓီ ၊ ပညာ တိုးပွါးအောင် အားထုတ်ကျင့်ကြံခြင်းဖြစ် မြင့်မြတ်ရပါသည် .။ .......
အခက်ခဲတွေနဲ့ ကြုံတွေ လာတဲ့အခါ ရှောင်လွဲရန်မကြိုးစားဘဲ တတ်နိုင်ဆုံး မေတ္တာနှင့်ယှဉ်သော နူးညံ့ ပြေပြစ်သောစိတ်နုလုံးကို လက်ကိုင်ထားပြီး ပြဿနာကို တခုချင်း တခုချင်းစီ ဖြေရှင်းသွားဖို့လိုပါသည် ၊။
လူတယောက်ရဲ့ ဘ၀မှာ အရေး အကြီးဆုံးက ဘာလဲ ? ၊ ကိုယ်တကယ်ဖြစ်ချင်ဘာလဲ ? ၊ ကိုယ်တကယ်လုပ်နေတာဘာလဲ? ၊ကိုယ့်ကိုကိုယ် ပြန်စစ်ဆေးကြည့်ဖို့ လိုအပ်ပါသည်။ ဘ၀နောက်ဆုံးအချိန်ထိ ဓိပ္ပါယ်ရှိရှိ ဘယ်လိုနေရမယ်ဆိုတာလဲ သိဖို့လိုအပ်ပါသည် ၊ ဘ၀လောကဓံ လေလှိုင်း တိုက်ခတ်မှုကို ကြံ့ခိုင် သန်စွမ်းမှု နဲ့ ခံနိုင်ရည် အားကို လိုအပ်သလို ပြုပြင်ပြီး ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်များကို ကိုယ်ကလွဲ၍ ဘယ်သူမှ မသိနိုင်တဲ့အတွက် ဖြည့်စွက်ရင်း လောကဓံမှုန်တိုင်းကို ...ဖုဋ္ဌဿလောကဓမ္မေဟိ ၊ စိတ္တံယဿ နကမ္ပတိ ၊အသောကံ ၀ိရဇံခေမံ ဧတံမင်္ဂလမုတ္တမံ ၊ ..... နှင့်အညီ စိုးရိမ် ပူဆွေး ငိုကြွေးခြင်းကင်းစွာနဲ့ မတုန်မလှုပ် သည်းခံ နိုင်ကြပါစေ ။
မေတ္တာဖြင့် ရွှေကြာ .
ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏ by ဒေါက်တာအရှင်ဉာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., D.Litt.)
မိမိ စာသင်သားဘ၀က ပထမကြီးတန်းကို ဖြေဆိုခိုက် ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ ပရမတ္ထစက္ခုကျမ်းကို ဖတ်ရှုဖြစ်ခဲ့လေသည်။ ပဏာမမှ နိဂုံးအထိဖတ်ကြည့်ရာ ထိုကျမ်း၏ နိဂုံး၌ ဆရာတော်ကြီး၏ ဆုတောင်းဂါထာများကို တွေ့မိဖတ်မိလေသည်။ ဆုတောင်းဂါထာ သုံးပုဒ်ရှိသည်။ အလွန်ကောင်းသော ဘ၀လမ်းညွှန် မွန်မြတ်သည့် စိတ်ဓာတ်ကို မြှင့်တင်ပေးသည့် ဆုတောင်းဖြစ်သည်ဟု ခံယူသဘောပေါက်မိသည်။ မိမိသည် ထိုစဉ်ကပင် ထိုဆုတောင်းကို အရဆောင်၍ ဘုရားဝတ်တက်တိုင်း ကောင်းမှုပြုတိုင်း ဆုတောင်းနေခဲ့လေသည်။
အသီးသီးတတ်သော သစ်ပင်တို့သည် အသီးတို့ဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုတတ်ကုန်၏၊ မြစ်ချောင်းတို့သည် ရေဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုကုန်၏၊ နွားမတို့သည် နို့ရည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ နွားထီးတို့သည်လည်း ကောက်ပဲသီးနှံတို့ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ “နေ” သည် နွေးသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြု၏၊ “လ” သည်လည်း အေးမြသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ ဤသို့လျှင် လူတို့သည် လူအချင်းချင်း ကျေးဇူးပြု ကောင်းကျိုးပြုရမည်သာ ဖြစ်သည်။
မြေကြီးပေါ် ရောက်လာသောလူတို့သည် လူ့လောကကို ကျေးဇူးပြုမှ ဤကမ္ဘာမြေပေါ်ဝယ်နေရကျိုးနပ်မည်၊ လူတို့သည် အထက်ဖေါ်ပြပါ ကျေးဇူးပြတတ်သော အရာဝတ္ထူတို့နှင့် လုံးလုံးမတူ ထူးခြားသည်သာဖြစ်၏။ အကြောင်းအကျိုးကို နားလည်သည်၊ အကောင်းအဆိုးကို သိမြင်သည်၊ ဆင်ခြင်တုံးတရားရှိသည်၊ ထို့ကြောင့် ကံကောင်းထောက်မ၍ ရခဲစွာလှ လူ့ဘ၀ကို ရကြသူတို့သည် စဉ်းစားဆင်ခြင်ရန်မှာ “ငါသည် လူသားတို့အတွက် ဘာတွေကို ထားပြစ်ခဲ့မလဲ” “ငါသည် ငါ့အတွက် ဘာတွေကို ယူသွားမလဲ”၊ ဤအချက်ကို အလေးအနက် လူသားတိုင်း စဉ်းစားဆင်ခြင်အပ်လေသည်။
သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓသည် အရိုးကြေကြေ အရေဆုပ်ဆုပ် အားထုတ်တော်မူ၍ သတ္တလောကကြီးအတွက် ဓမ္မတစ်ခု ထားရစ်ခဲ့လေသည်၊ သတ္တ၀ါအားလုံးစားသုံး၍ မကုန်နိုင်အောင် ရှိပေသည်။ လောက၌ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ရှိသူတို့ကား ရှားပါးကုန်၏၊ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း နည်းပါးသူတို့သာ များပြားကုန်၏။ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ကြီးမားသူတို့သည် ကံ ဥာဏ် ၀ီရိယအား နည်းပါးသူတို့၏ မှီခို အားထားရာ ဖြစ်သင့်ပေသည်။
လူတို့၏ နှုတ်တွင် စကားပုံပေါင်း မြောက်မြားစွာ ပြောဆိုကြသည်။ ဥပမာ … “ရေကြည်ရာ မြက်နုရာ” ဆိုသော စကားမျိုးဖြစ်သည်။ ဤစကားရပ်၌ မိမိနေသောအရပ်၌ ရေနောက်လျှင် ရေကြည်ရှိရာ အရပ်သို့ သွားရမည်။ မိမိနေသော အရပ်၌ သစ်ပင် မြက်ပင်တို့ ခြောက်သွေ့လျှင် စိမ်းစိုသော အရပ်သို့ သွားရမည် ဟု ဆိုလိုဟန်ရှိသည်။ တကယ်ဖြစ်သင့်သည်ကား မကြည်သောရေကို ကြည်အောင်လုပ်ရမည်။ မနုသောမြက်တို့ကို နုအောင်စိုက်ပျိုးရမည်၊ ပူပြင်းခြောက်သွေ့ ရေရှားပါးသော အရပ်ကို စိမ်းလန်းစိုပြေအောင် သောက်ရေ သုံးရေရအောင် လုပ်ရမည်ဟုသာ မိမိခံယူသည်။ ဤခံယူချက် ဤဆုတောင်းများကြောင့် ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ရေအလှူ၊ ဆေးအလှူ၊ ကျောင်းအလှူ၊ ကျောင်းသုံးပရိဘောဂအလှူ ဆေးရုံအလှူတို့ကို အတော်အတန် လှူဖြစ်ခဲ့လေပြီ။ ဆက်လက်၍ တောင်းလိုသော ဆုတောင်းသည်ကား “ကာမ၏ ကျေးကျွန်အဖြစ် ဘယ်ဘ၀မှာမှ မဖြစ်ရပါလို။ သာသနာတော်၏ကျေးကျွန်သာဖြစ်ရပါလို၏၊ ငါတည်းဟူသော အကြောင်းကြောင့် သူတပါးတို့ ဒုက္ခမဖြစ်ကြပါစေနှင့်၊ ဆင်းရဲဒုက္ခရောက်သူတို့ကို ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏” ။
ဓမ္မမိတ်ဆွေများအား ဆရာတော်ဘုရား၏ ဆုတောင်းနှင့် ဂုဏ်ကျေးဇူးများကို မျှဝေလိုက်ပါသည်။
ရွက်ဟောင်းပြုတ်၍ ကျေးနှုတ်အသွင် ရွက်သစ်ပြင်တဲ့ နွေဦး
နွေလေးလတို့တွင် ဂိမ္မာန်နွေဦး ရောက်တော့ လေဗွေမြူး၍ ရွက်ဝါ ခြောက်တွေ တဖျောက်ဖျောက်နှင့် လေထဲမှ ဝေ့၀ဲလို့ နေပြန်လေပြီ.
စိတြနှင့် မိဿရာသီ ခါညီဝေါဟာ ဂေါဇာအသစ် သက္ကရာဇ် ပြောင်းဘူး နှစ်နှောင်းဦးသားတန်ခူး ခေါသော ကာလလည်း အခုဆို ကျော်လွန်ခဲ့ပြီ .
(ရတနာသုတ်တော်-
ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊
ဂိမှာန မာသေ ပဌမသ္မိ ဂိမှေ ။
တထူပမံ ဓမ္မ၀ရံ အဒေသယိ၊
နိဗ္ဗာနဂါမိံပရမံ ဟိတာယယ ။
(ကိုးဆောင်ဆရာတော်ဘုရားရေးသားတော်မူသော ရတနာသုတ်အနက်ကို ကိုးကား၍မျှဝေပါသည်)
လူ့ဘ၀သည် အမွန်မြတ်ဆုံးဖြစ်ပေသည် ၊ မိမိကိုယ်ပိုင် အရှင်သခင်ဖြစ်၍ ကိုယ့်ဘ၀ဖြစ်စဉ်ကို စီရင်ဆုံးဖြတ်ရန် မည်သည့် တန်ခိုးအာဏာရှင် အထက်ပုဂ္ဂိုလ်များမဟုတ်ပေ ။ မိမိသည်သာလျှင် မိမိကိုးကွယ်ရာဖြစ်၏ ။ မိမိမှ တပါး အဘယ်သူသည် မိမိ၏ ကိုးကွယ်ရာ ဖြစ်နိုင်ပါအံ့နည်း ဟု ဗုဒ္ဓမြတ်စွာဘုရားက မိတ်ခဲ့လေပြီ . မြတ်စွာဘုရား၏ တပည့်ရဟန်းတို့အား "မိမိကိုသာ အားကိုးကြလေ၊ အခြားတပါး၌ ကိုးကွယ်ရာမရှာလေနှင့်" ဟူ၍ သြ၀ါဒ ပေးခဲ့လေသည် ။
လူသားအားလုံးတို့သည် ကိုယ်ပိုင် ကြိုးစားမှုနှင့် ပင်ကိုယ်ဉာဏ်အားဖြင့် အနှောင်အဖွဲ့အားလုံးတို့မှ လွတ်မြောက်နိုင်စွမ်းရှိ ပါသည် ။ မြတ်စွာဘုရားသည် ပုဂ္ဂိုလ်တိုင်းအား မိမိ တိုးတက်ရေးနှင့် လွတ်မြောက်ရေးကို မိမိကိုယ်တိုင်ကြိုးပမ်းယူရန် အားပေးလှုံဆော်သွန်သင်ဆုံးမပေးတော်မူခဲ့ပေသည် ။ "သင့်တို့ကိုယ်တိုင် အားထုတ်ကြရကုန်မည် ၊ ဘုရားရှင်တို့သည် လမ်းကိုသာ ညွှန်ပြကုန်၏ "ဟူ၍ ဗုဒ္ဓရှင်တော်မြတ်က မြွက်ကြားတော်မူ၏ ။ ဗုဒ္ဓမြတ်စွာဘုရားအား "ကယ်တင်ရှင်" ဟု ခေါ်တွင်ရမည် ဆိုပါလျှင် လွတ်မြောက်ရေးစခန်းဖြစ်သောနိဗ္ဗာန်သို့ သွားရာ ခရီးလမ်းကြောင်းကို ရှာဖွေတွေ့သူနှင့် လမ်းညွန်ပြသူ အဖြစ်ဖြင့်သာ ခေါ်ဆိုကြမည်ဖြစ်ပေသည် ။ နိဗ္ဗာန်သို့ ဆိုက်ရောက်ရန်မှာ ဤခရီးလမ်းကြောင်းအတိုင်း ရွှေကြာတို့ နှင့်အတူ ဓမ္ဓမိတ်ဆွေများ ကိုယ်တိုင်လျှောက်လမ်းကြရပေမည် ။ မဟာပရိနိဗ္ဗာနသုတ်တော်တွင် မြတ်စွာဘုရားရှင်သည် တပည့်သားသံဃာတော်များအား ချုတ်ချယ်ထားရန် စိတ်မကူးခဲ့ကြောင်း သံဃာတော်များကလည်း မြတ်စွာဘုရားအပေါ်တွင် မှီခို မနေစေလိုကြောင်းတို့ကို ဟောကြားတော်မူခဲ့ပေသည် ။ တရားတော်မြတ်တွင်လည်း ထိန်ချန်ဖုံးအုပ်ထားသည့် အချက်ဟူ၍မရှိ ၊အာစရိယ မုဋ္ဌိခေါ် ဆရာ့-လက်ဆုပ် လက်ကိုင်ဖြစ်၍ တပည့်တို့အား မသင်ကြား မပြသဘဲ ကွယ်ဝှက်ထားသည်ဟူ၍ မရှိ ၊ " ဆရာ စားချန်ထားသော အကြောင်းများ မရှိ" ဟု မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် တဦးတယောက်စီ ကိုယ်တိုင်တာဝန်ခံယူခြင်းယူသော အကျင့်စဉ်မူအရ တပည့်သံဃာတော်တို့အား လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ကို ပေးတော်မူခြင်းဖြစ်လေသည် ။အဲဒီလို လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ဆိုသည်မှာလည်း လွတ်မြောက်ရေးသည် သစ္စာတရား ကို ကိုယ်တိုင်ရှာဖွေ ရယူနိုင်ခြင်းအပေါ်တွင်သာ တည်ရှိပါသည် ။မည်သည့် နတ် ဘုရား ၊ တန်ခိုးရှင် တို့ကမှ သူတို့၏ သြဇာခံ၍ ကောင်းမွန်စွာ ကျင့်ကြံသည့်အတွက် ဆုလာဘ်အဖြစ်ဖြင့် ချီးမြင့်နိုင်သော အရာမဟုတ်ပါ။
အခါတပါး၌ မြတ်စွာဘုရားရှင်သည် ကောသလပြည် ကေသပုတ္တ မြို့ငယ်တခုသို ရောက်ရှိလာခဲ့ သည် ။ ဤမြို့နေ လူအပေါင်းကို ကာလာမအမျိုးနွယ်များဟု ခေါ်တွင်ကြလေသည် ။မိမိတို့ မြို့တွင်းသို့ မြတ်စွာဘုရား ရောက်ရှိလာကြောင်းကြားသောအခါ ကာလာမအမျိုးသားတို့သည် မြတ်စွာဘုရားထံသို ဆည်းကပ်၍ ဤသို့လျှောက်ထားကြ၏ ။
" အရှင်ဘုရား ကေသပုတ္တသို့ ရသေ့ပုဏ္ဏား အချို့တို့ ရောက်ရှိလာကြပါသည် ။ သူတို့သည် သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည် ။ သူတပါး၏ အယူဝါဒများကို မထီလေးစားပြုကြပါသည် ။ ရှုတ်ချကြပါသည် ၊ ပစ်ပယ်ကြပါသည် ။ ဘုရားတပည့်တော်တို့မှာ ကြည်ညိုလေးမြတ်ဘွယ်သော ဤရသေ့ပုဏ္ဏားများတွင် မည်သူက အမှန်စကားပြော၍ မည်သူက မမှန်စကားဟောသွားကြသည်ကို မဝေခွဲနိုင်အောင် အစဉ်စိတ်ရှုပ်ပွေကာ သံသယဖြင့် တွေဝေလျှက် ရှိကြပါသည်ဘုရား "
ထိုအခါ မြတ်စွာဘုရားက ဘာသာရေးရာ သမိုင်းတလျှောက်တွင် ထူးထူးခြားခြား ပြိုင်ဘက်ကင်းသည့် ဤသြ၀ါဒကို မြွတ်ကြားတော်လိုက်လေပေသည် ။................ " ဟုတ်ပေသည် ကာလာမ အမျိုးသားတို့ ၊ ယုံမှားဘွယ်ရာ ကိစ္စတွင် သံသယဖြစ်ပေါ်လာသော ကြောင့်သင်တို့သည် ယုံမှားသံသယရှိသင့်ကြပေသည် ။စိတ်ရှုပ်ပွေခြင်း ဖြစ်သင့်ကြပေသည် ။ယခု ရှုကြပေလော့  ကာလာမအမျိုးသားတို့......."
သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့် ၊ အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်၊ လူပြော သူပြော တဆင့်စကားကိုလည်း မယုံလေနှင့် ၊ ဘာသာရေးကျမ်းကြီးများ ကိုးကားပြော၍လည်း မှန်လှပြီမထင်လေနှင့် ၊ ပုံပန်းအမြင်သဏ္ဌာန် ကြည့်၍လည်း မဆုံးဖြတ်နှင့် ၊ ယော်ယမ်းမှန်းဆယူရသော သဘောထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူလေနှင့် ၊ ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည်ပါလေနှင့် ၊ အသင်တို့ ကိုးကွယ်ဆည်းကပ်ရာဆရာသမားဖြစ်ပေသည် ဟူသော သဘောကြောင့်လည်း မှန်လှပြီဟု တထစ်ချမမှတ်ကြကုန်ရာ ။
အို--- ကာလာမနွယ်ဘွား အမျိုးသားတို့ ၊ အချို့သော အကြောင်းတရားသည် အကုသိုလ်ဖြစ်သည် ၊ မမှန်ကန် ၊ မကောင်းကျိုးကို ဖြစ်စေသည်ဟု သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏ ။ ထိုအကြောင်းတရားများကို စွန့်ပယ်ကြလေလော့ ...... ။ အချို့ ကြောင်းတရားများမှာမူ ကုသိုလ်ဖြစ်သည် ၊ ကောင်းသောကျိုးကို ဖြစ်စေသည်ဟု အသင့်တို့ ကိုယ်တိုင်သိကြ၏ ။ထိုကြောင်းတရားများကို နှစ်သက်စွာလက်ခံ၍ လိုက်နာကျင့်ကြံကြပေတော့ "...
မြတ်စွာဘုရားရှင်သည် ထိုထက်ပင် လွန်ကဲ၍ ဆိုပေသေးသည် ။ တစုံတယောက်အား မိမိဆရာအဖြစ် လက်ခံလိုက်မည်ဆိုလျှင် တထာဂတ ကိုပင်သော်လည်း အမျိုးစစ် အဘိုးတန် မှန်မမှန် ထင်ရှားသိမြင်နိုင်ရန် သေချာစွာ စစ်ဆေးစမ်းသပ်လေ့လာသင့်သည်ဟု ထိုရဟန်းတို့အား မိန့်မြွက်ခဲ့လေသည် ။
ပုံမှန်လည်ပတ်နေတဲ့ ရာသီဥတု စက်ဝိုင်းထဲမှာ နွေ ၊ မိုး ၊ဆောင်း ရဲ့အလှတရားလေးတွေရှိနေသလို ဥပါဒ် ဋ္ဌီ ဘင် ( ဇာတိ ဇရာ မရဏ) ဆိုတဲ့ သင်္ခါရတရားလည်း ရှိနေတယ်ဆိုတာကို သတိထားမိဖို့လိုပါသည်။
ရွက်ဟောင်းများ ကြွေကျ၍ ရွက်သစ်တွေဝေနေတဲ့ နွေဦးမှာ ကိုယ်စိတ်နှစ်ပါး လန်းဆန်းနိုင်ကြပါစေ။.။
မေတ္တာဖြင့် ရွှေကြာ။
စိတ်ကို စောင့်ရှောက်လျှင်ဘာအကျိုးရမလဲ ..?
စိတ်ကိုစောင့်ရှောက်လျှင်
ကာယကံ ကိုလည်း စောင့်ရှောက်သည်မည်၏ ။
ဝစီကံ ကိုလည်း စောင့်ရှောက်သည်မည်၏ ။
မနောကံ ကိုလည်း စောင့်ရှောက်သည်မည်၏ ။
ကာယကံ ၊ ၀စီကံ ၊ မနောကံ ကို စောင့်ရှောက်သူ၏ ကံသုံးပါသည် ကိလေသာ မစိုစွတ်၊
ကိလေသာ မစိုစွတ်သော ကံသုံးပါးရှိသူသည် ၊
ကာယကံသည်လည်း မဆွေးမြေ့ ၊
ဝစီကံသည်လည်း မဆွေးမြေ့ ၊
မနောကံသည်လည်း မဆွေးမြေ့ ၊
မဆွေးမြေ့သော ကံသုံးပါးရှိသူအား
ကောင်းသော သေခြင်းဖြစ်နိုင်၏ ။
ကောင်းသောကွယ်လွန်ခြင်း ဖြစ်နိုင်၏ ။
(ဗုဒ္ဓတရားတော်မြတ်)
ရွှေကြာတို့ဘဝ
ရှာလို့လဲ မတွေ့ ကြာလို့လဲ မမေ့သော အမေ
အမေ့မေတ္တာ ကျေးဇူးတရားတွေကို ခိုင်းနိုင်းတင်စား စာဖွဲ့ ကြတာ လောကဥပမာ အမျိုးမျိုး အဖုံဖုံ ပါဘဲ ။ တကယ်လဲ ကြီးမားလှတဲ့ခိုင်မာတဲ့ မေတ္တာရှင် ဖြစ်ပါသည် ။
အဆုံးအစ မဲ့ ချစ်ခြင်းနဲ့ သာ သားသ္မီးတို့ကို ချစ်တဲ့ အမေ ပါ။ သိတတ်စရွယ်က စလို့ အသက်ရွယ် ကြီးတဲ့ ထိ ချစ်ခြင်းတွေ မပြောင်းလွဲတဲ့ အမေ။ လမ်းလျှောက်သင်စ အရွယ်တုံး က တလှမ်းချင်း လှမ်းလျှောက် သင်ပေးခဲ့ တာကို သတိယပြီး .. မိခင်အိုကြီး စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျှပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစုံနဲ့ မိခင်အိုကို ကူတွဲ သင့်ပါသည်။
မိဘနှစ်ပါး၏ ဂုဏ်တော် အနန္တများသည် ....
(၁) သုဟဒယဂုဏ်-- ဆိုတဲံ အရိုး ၊ အကြော ၊ အသွေး သားထဲက စိမ့်ပြီးသားသ္မီးကိုချစ်ခြင်း ။
(၂) ဗြဟ္မာဂုဏ်--- ဆိုတဲ့ မေတ္တာ ၊ ဂရုဏာ ၊မုဒိတာ ၊ ဥပေက္ခာ လေးပါးနှင့် စောင့်ရှောက် ခြင်း ။
( ၃) ဇနေတ္တိဂုဏ်--- ဆိုတဲ့ အသက်စွန့် ပြီး မွေးသော အမေ ၊ အသက်စွန့်ပြီး ရှာ ကျွေးသောအဖေဖြစ်ခြင်း ။
(၄) ပေါသကဂုဏ်---ဆိုတဲ့ အေးမြပြီး သန့်ရှင်းကြည်လင်သော မိဘနှစ်ပါး၏အရိပ် ရခြင်း ။
(၅) ပေါသနန္တိဂုဏ် ----ဆိုတဲ့ လေပူနေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း ။
(၆)ဒေဿတာရာဂုဏ်---ဆိုတဲ့ စကားပြောသင်ခြင်းမှအစ ဘုရားရှိခိုးနည်း ၊ဆွမ်းကပ်နည်း ၊ ကြီးသူကို ရိုသေငယ်သူကိုညှာတာတတ်အောင် သင်ကြားပေးခြင်း ။
(၇) အာပါဒကာဂုဏ်--- ဆိုတဲ့ ဘေးရန်ကင်းစေ ရန်အသက်စွန့်ပြီး ကာကွယ်စောင့်ရှောင့်ခြင်း ။
(၈) တေသယန္တိဂုဏ်---- ဆိုတဲ့ တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း ။
(၉) ပုဗ္ဗာဒေ၀တာဂုဏ်--- ဆိုတဲ့ အိမ်ဦးနတ် ဖခင် ၊မိခင် ဖြစ်ခြင်း ။
(၁၀)ပုဗ္ဗာစရိယဂုဏ်--- ဆိုတဲ့ လက်ဦးဆရာမည်ထိုက်စွာ စာရိတ္တမပျက်စီးစေရန် ဘာသာရေးနှင့် သိမ်းသွင်းခြင်း။
(၁၁)ဂေါပါယန္တိဂုဏ်---ဆို တဲ့ စားဝတ်နေရေး၊ ပညာရေး မပူပင်ရအောင် လုပ်ဆောင်ပေးသော အေးသောအရိပ်ပေးခြင်း ။
(၁၂) အာယုနေယျဂုဏ် ---ဆိုတဲ့ ပစ္စည်း လေးပါးဖြင့် ကန်တော့ခံရသည် ပုဂ္ဂိုလ်ဖြစ်ခြင်း ။
(၁၃)အနာမဋ္ဌဂုဏ် ---ဆိုတဲ့ ရဟန်းဆွမ်းမဘုဉ်းမပေးမိ မိဘနှစ်ပါးအား အရင်ဆုံး ဆွမ်းစားစေခြင်း အခွင့်ရရှိသောမိဘနှစ်ပါးဖြစ်ခြင်း အစရှိသောမိဘဂုဏ်(၁၃)ပါး တို့ဖြစ်၏။ ။
ထိုမျှသာမက လောက ဥပမာများမှာ
အမေ့ မေတ္တာ ၊ စမ်းရေပမာ နှင့် ၊ ပမာနိုင်းဆို မပြောလိုဘူး ၊ ထိုစမ်းရေမှာ ခန်းတတ်လို့ ။
အမေ့ မေတ္တာ ၊ လစန္ဒာနှင့် ၊ ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုစန္ဒာ တိမ်လွှာ လွှမ်းတတ်လို့ ။
အမေ့ မေတ္တာ ၊ ပန်းရွှေကြာနှင့် ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုပန်းရွှေကြာ နွမ်းတတ်လို့ ။
ရာသီမှာပွင့်တဲ့ ပန်းတွေ ညိုးနွမ်းတဲ့အခါ ရှိပေမဲ့ အမေ့မေတ္တာ ပန်းတွေ က လန်းဆန်းနေတာ အစဉ်အမြဲဆိုတာ ရွှေကြာ မိတ်ဆွေများ ကိုယ်တွေ့ခံစားဖူးကြပါသည် ။မသေချာတဲ့ လောကကြီးထဲမှာ မသေချာခြင်းတွေ ရှိနေပေမဲ့ အမေ့မေတ္တာက သေချာနေမှာ အစဉ်အမြဲပါ။ အချိန်းတိုင်းမှာ အမေ့ရင်ထဲ ယိုစိးထွက်ကျလာတဲ့ မေတ္တာရေစီးချောင်းအနမ်းပွင့်လေးတွေ တပွင့်နဲ့တပွင့် ပွင့်ချင်းဆက်ပြီး ချော့သိမ့်မှုကိုခံရင်း အမေ့ရင်ခွင်ထဲ စိတ်ချလက်ချ သောကမရှိ ငယ်စဉ်ဘ၀ ကအိပ်ပျော်လာခဲ့ကြသည်မဟုတ်ပါလော ။ တသက်လုံး လုံခြုံမှုပေးစေခဲ့တဲ့ အမေ့မေတ္တာ.။ ဂရုဏာ ဒေါသနှင့် သားသ္မီးအပေါ် ပြောဆို ဆုံးမှခဲ့တာတွေ နူတ်တမျိုး တုတ်တဖုံ နဲ့ ဆိုဆုံးမခဲ့တဲ့ အချိန်က ထွက်မပြေးတတ်တာက . ရွှေကြာအကျင့်ပါ ပို၍သာ အမေ့ရင်ခွင် တိုးဝင်းကာ အားရပါးရ ရှိုက်ကြီးတငင် ငိုတတ်သူပါ။ အမေ့ရဲ့မေတ္တာ တွေ ဒေါသမှ အဒေါသသို ပြောင်းလွဲသွားပြီး ချော့မော့မှု ရခဲ့တာတွေဟာလည်း ဘာနဲ့မှ အစားထိုးမရတဲ့ နွေးထွေးတဲ့ အမေ့ရင်ငွေ့ပါါ။
ကံမကောင်းအကြောင်းမလှလို အဖေဆိုတဲ့ မနက်ခင်းနေရောင်တွေလို နူးနူးညံ့ညံ့နဲ့ နွေးထွေးမှုကို ပေးနိုင်တဲ့ ရွှေကြာရဲ့ နေမင်းကြီး က လောကကြီး ကို အစောကြီး ကြောခိုင်းသွားခဲ့ပါသည် ။ အဖေမရှိတဲ့ သားနဲ့ သ္မီးကို လူအလယ်တင့်တယ်အောင် လောကဓံကို အံတုဖတ်ပြိုင် ပြုရဲတဲ့ သူရဲကောင်းစိတ်ဓါတ် မွန်မြတ်တဲ့ စိတ်ထား အမေ့မေတ္တာကြီးမားလှပါ၏ ။ အကြောင်းအားလျှော်စွာ ရွှေကြာနိုင်ငံခြားသို့ သာသနာပြုရောက်လာခဲ့ သည် ၊ ဘ၀ရဲ့ လောကဓံရိုက်ချက်တွေ နဲ့ အခါ အားလျှော်စွာ ကြုံတွေ့ခဲ့ရပါသည် ၊ စစ်မှန်တဲ့ အမေ့မေတ္တာတရားနဲ့ နွေးထွေးအောင်ရင်ငွေ့ပေးခဲ့တဲ့ အမေ့ကို အကြိမ်ပေါင်းများစွာ တမ်းတမိပါသည်။ အမေဟာ ရွှေကြာနှင့် ဓမ္မမိတ်ဆွေများအတွက် ဘယ်တော့မှ လကွယ်နေ့ လဆုတ်နေ့ ဆိုတာမရှိဘဲ သာယာပြည့်ဖြိုးတဲံ့လပြည့်ညရဲ့လမင်းကြီးပင်ဖြစ်ပါသည်။
မိဘတိုင်းရဲ့ ဆန္ဒတွေ မေတ္တာတွေအားလုံးဟာ အတူတူပါဘဲ . ဒီတော့ ဘယ်လို မိဘကျေးဇူးကို ဆပ်ကြမလဲ ..?
တကယ်ကျေးဇူးသိတတ်တဲ့ သားသ္မီး ၊ တာဝန်ကျေတဲ့သားသ္မီး တယောက်ဖြစ်ဖို့ ဘယ်လိုကျေးဇူးဆပ်ကြမလဲ ...?
လောကကြီးမှာ ရှာလို့လဲမတွေ့ . ကြာတော့လည်း မမေ့နိုင်တဲ့ အမေ့ကို . တာဝန်ကျေတဲ့ သားသ္မီးကောင်းတယောက်အနေနဲ့ ...
(၁) သဒ္ဓါတရားခေါင်းပါးသော မိဘနှစ်ပါးအား သဒ္ဓါတရားရှိလာအောင် တိုက်တွန်းပေးရမည် ။
(၂) သီလဆောက်တည်လိုစိတ်မရှိသော မိဘနှစ်ပါးအား သီလဆောက်တည် မှု ဖြစ်လာအောင် တိုက်တွန်းပေးရမည်။
(၃) နှမြောတွန့်တို၍ ပေးကမ်းလှူဒါန်းခြင်းမရှိသော မိဘနှစ်ပါးအား လှူဒါန်းပေးကမ်းခြင်လာအောင်တိုက်တွန်းပေးရမည်။
(၄) တရားမနာချင်သော ၊ တရားဘာဝနာနုလုံးမသွင်းချင်သော မိဘနှစ်ပါးအား တရားနာချင်လာအောင် ၊ တရားအားထုတ်ချင်လာအောင်တိုက်တွန်းပေးရမည်။
ဒီလိုတာဝန်ကျေသော သားသ္မီးများအား ပညာရှိသူတော်ကောင်းများ ချီးကျူးသည်မက ၊ ပစ္စုပ္ပါန်လောကီစည်းစိမ်ခံစားရပြီး သေသော်လည်းနတ်ရွာလားမည်ဖြစ်ကြောင်းဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မမိတ်တွေရဲ့ချစ်သောမိဘနှစ်ပါး မျက်မကွယ်ခင် မှာ ငါမပြုမိလိုက်ရလေခြင်းဟုသောနှောင်း နောင်တ တရားများ မရလေအောင် တာဝန်ကျေတဲ့ သားသ္မီးကောင်းများဖြစ်ပြီး မိမိတို့ကိုယ်တိုင်လည်း ငါးပါးသီလတည်းဟူသော် ကိုယ်ကျင့်တရားများကို လုံအောင်ထိမ်းပြီး အချိန်မနှောင်ခင်း မိခင် ဖခင်တို့အားလည်း တိုက်တွန်းပေးရပါမည်။
"တစိုက်စိုက်ကယ်နှင့်၊
သွားလိုက်ကြတာ။
ရွှေရောင်ကကြီး ၊
တစ်နှစ်ခရီးသည်။
ပုဆိုးချာလည်လည်နှင့်၊
ခရီးသည် ဘယ်မှာအိပ်မယ်
မိုး- မိုးချူပ်ပေါ့ကွယ် ၊" (ပညာရှိရှေးဆရာတော်)
သံသရာခရီးသည်တွေ တစိုက်စိုက်နှင့် ခရီးဆက်နေလိုက်ကြတာ ...၀တ်ထားသောပုဆိုး မလုံ့တလုံနှင့် အပေါက်ပြဲများအား ဘယ်သို့လှည့်ဝတ်လှည့်ဝတ် မလုံနိုင်သလို ငါးပါးသီလမလုံဘဲ သံသရာခရီးသည်တွေ ခရီးဆက်ကြရင်း ဘယ်မှာအိပ်ကြမှာလဲ မိုးချုပ်တော့မယ် သံသရာခရီးသည် .တဲ့ ကျေးဇူးကြီးမားသော မိခင် ဖခင်ကြီးများအား .ဘ၀သံသရာမှ လွတ်မြောက်နိုင်ကြောင်း အထောက်အကူကိုလည်း မိမိတို့ ကိုယ်တိုင်က ဖြည့်ဆည်းပေနိုင်ရပါမည် ။
မိခင်များဟာ သားသ္မီးများ အပေါ်မှာ မျော်လင့်ခြင်းဆိုတဲ့ အိမ်မက်များစွာနဲ့ ပြုစု ပျိုးထောင်ခဲ့သည်မဟုတ်ပါလော . သူတို့ စိုက်ပျိုးပြုစုလိုက်တဲ့ ပန်းကလေးတွေ ပွင့်နေတာ ၊ သီးနေတာ ၊ ကိုကြည့်ပြီး ကြေနပ်နေကြသူတွေပါ.ငါ့သားသ္မီးများကြီးလာရင် ငါတို့အား လုပ်ကြွေးပြုစု မွေးမြူပေလိမ့်မည်. ငါတို့ရဲ့ အမျိုးအဆက်ကို စောင့်ရှောက်ထိမ်းသိမ်းပြီးအမွေခံဖြစ်ပေလိမ်မည်ဟု အိမ်မက်တွေ ခဲ့ကြပါသည်။
အမေ့ ရဲ့ မျော်လင့်ချက် အိမ်မက်များကို နုလုံးသား ထပ်တူပြုပြီး နားလည်ကြအောင် ၊ အမေ့ အတွက်ပေးဆပ်ရမယ့် အချိန် ကန့်သတ် နည်းနည်း လေးကို တန်ဖိုးထားတတ်ကြလေအောင် ဤစာစုလေး ကို ရွှေကြာ မျှဝေပေးလိုက်ပါသည်။
အမေ့ရဲ့ ခြေအစုံ ကို ဦးတိုက်ရှိခိုး ကန်တော့လျှက်ရှိနေပါတယ်အမေ... .
ပြည်ပမှ" အမေ့ ချစ်သ္မီး ...ရွှေကြာ"
လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .