လူတိုင်းပြောနေကြတဲ့ အာသ၀ တရား(၄)ပါး

အာသ၀ တရား မကုန်သေးတော့ သံသာရာ ရေယဉ်မှာမျော ရအုံးမှာပေါ့တဲ့ ပြောကြတယ်။
အာသ၀ (၄)ပါး
၁။ ကာမသဝ
၂။ ဘ၀ါသဝ
၃။ ဒိဋ္ဌာသဝ
၎။ အ၀ိဇ္ဇာသဝ

အာသ၀ = အာ+ သဝ
အာ = မှ ( တိုင်အောင် ၊ ဘ၀ဂ်တိုင်အောင် ၊ ဂေါတြဘူတိုင်အောင် ။)
သ၀= ယိုထွက်သည်။ ( စီးသွားသည် ၊ အပေါ်သို့လည်းကောင်း ၊ ဘေးသို့လည်းကောင်း၊ အောက်သို့လည်းကောင်းစီးသွားသည် ။)

အာသာဝတရားသည် ဘုံအားဖြင့် နေ၀သညာနာသညာယနာဘုံတိုင်အောင် ၊ တရားအားဖြင့် ပုထုဇဉ်၏အဆုံး အရိယာအဆင့်ဖြစ်သော ဂေါတြဘူ တိုင်အောင် စီးသွားသည်။

ကဲ ...ယိုထွက်တာကတော့ ဘယ်လိုယိုထွက်သလဲ ...... သဘောင်္သီးကို လက်ဖြင့် ဆိတ်လိုက်ရင်အစေးဖြူများ ထွက်လာတယ် ။ တစောင်းပင်ကို ဓားဖြင့် ထိုးဆွလိုက်ရင် အစေးများယိုထွက်လာတယ် ။ အသားထဲမှ အနာကျိတ်ဖြစ်ပြီး အနာလုံးပေါက်ကာ ပြည်ယိုထွက်လာတယ် ။ အလိုလိုပေါက်သော အနာကလည်း ပြည်၊သွေး ယိုထွက်လာတယ်။ လူရဲ့  ကိုယ်ခန္ဓာမှ အသားကို ဓား၊ လှံနှင့် ထိုးပါက သွေးယိုထွက်လာတယ် ၊အဲဒီလို ယိုထွက်လာတာတွေကို လည်း အာသ၀လို့ခေါ်ပါတယ်။ အသီးအပင်တို့မှ အစေးယိုထွက်ကာ အနာမှ ပြည်ယိုထွက်ပြီး အသားမှ သွေးယိုထွက်သလိုလူတို့၏ စိတ်ထဲမှ လောဘ ၊ ဒိဋ္ဌိ၊ မောဟ တရားများယိုထွက်တယ် ။ အသားဟာ သူ့ အလိုလိုနေသော် သွေးမထွက်နိုင်ပေ ၊ တစုံတခုနှင့် ထိုးဆွမှ သွေးထွက်တယ် ။ အဲဒီလိုဘဲ စိတ်ဟာလည်း အာရုံနှင့် တွေ့ ထိမှ လောဘ ၊ဒိဋ္ဌိ၊ မောဟ စသော အကုသိုလ် တရားများထွက်လာတယ်။ အဆင်းလှလှ ၊အသံ ၊အနံ့၊ အရသာ ကောင်းကောင်း ၊ အတွေ့အထိကောင်းကောင်း ဂုဏ်ပကာသန ကောင်းကောင်းဆိုတဲ့ အာရုံခြောက်မျိုး နှိုးဆွတိုင်း စိတ်ထဲမှ လောဘ ဖြစ်လာတယ် ။ ဒါကြောင့် စိတ်ထဲမှ လောဘယိုထွက်လာတာကို အာသ၀ လို ခေါ်တယ် ။ အသားကို တုတ်ချွန်၊ သံချွန် ဖြင့် မထိုးဆွရင် သွေးမထွက်ပါ ။ အဲဒီလိုဘဲ စိတ်ဟာလည်း အာရုံနှင့် မတွေ့ဆုံရင် စိတ်ထဲမှ လောဘမထွက်ပါ ။ အနာမှ ပြည်ထွက်တာ ၊ အသားမှ သွေးထွက်တာ ဟာ အသားကို စားသွားနိုင်သလို လောဘဟာလည်း စိတ်ထဲမှ ထွက်ပြီူ လောဘထွက်သောသူရဲ့ ဂုဏ်သိက္ခာ၊ ကျင့်စာရိတ္တများကို ဖျက်ဆီးပစ်နိုင်ပါတယ် ။ တဦးနှင့်တဦး သတ်ကြ ဖြတ်ကြ ၊မဟုတ်မမှန် လိမ်လည် ပြောဆိုကြ တိုင်ခိုက် ခိုးယူကြ တာတွေဟာ လောဘ က ဖျက်ဆီးနေခြင်းဖြစ်သည်မဟုတ်ပါလော ။
တဏှာ၊ လောဘ ၊ ရာဂ တရားတို့ဟာလည်း အတူတူပင်ဖြစ်တယ် ။ တဏှာ၊ လောဘ ၊ရာဂ တို့ဟာ မြစ်ရေစီးကြောင်းသဖွယ် တနေရာမှ တနေရာသို့ အမြဲစီးဆင်းနေတဲ့အတွက် တဏှာသောတ ဆိုပြီး ခေါ်လေ့ရှိကြတယ် ။ နဒီသောတ လို့ခေါ်တဲ့ မြစ်ရေစီးကြောင်းဟာ ရပ်တန့်နေသည်ဟူ၍ မရှိ ၊ တနေရာမှ တနေရာသို့ အမြဲစီးဆင်းလျှက်ရှိနေသလို လောဘရေစီးကြောင်း လည်းအမြဲစီးဆင်းလျှက် ရှိရာ လူတွေဟာ လောဘရေစီးကြောင်းအပေါ်မှာ မျောနေကြတယ် ။ လောဘဟာ လူရဲ့ စိတ်ထဲမှာ အငြိမ်နေတဲ့ မျိုးမဟုတ်ပါ ၊ လှုပ်ရှားစီးသွားနေတယ် ။ အငြိမ်မနေတဲ့အတွက်ကြောင့်လည်း လူတွေဟာ ဒီလောဘရေစီးကြောင်းမှာ တရွေ့တရွေ့နဲ့ မျောပါလေတော့တယ် ။ မြစ်ရေစီးကြောင်းမှာ ရေအလျှင်ဟာ အားပျှော့ကာ နည်းနည်းစီးဆင်းပြီး အားပြင်းကာ ရှင်သန်စွာစီးဆင်းတာတွေလည်း တွေ့ရှိကြတယ်မဟုတ်ပါလော ၊ လောဘရေစီးကြောင်းဟာလည်း စီးဆင်းမှုအားအနည်းအများရှိပါတယ် ၊ ဥပမာ ပြောကြပါစို့ ------သိန်းထီပေါက်ပြီး ၀မ်းသာလွန်းကာ သေဆုံးသွားတယ် လောင်းကစားမှုအောင်ပြီး ကခုန်သောကြောင့် သေဆုံးသွားတယ် ဒါမျိုးတွေ ဟာ လောဘရေစီးကြောင်း ရှင်သန်းသောကြောင့်လိုဖြစ်တယ် ။ ။။။။။။။။။။။။ ကုသ၀တီ တိုင်းပြည်ကြီး၏ အရှင်သခင်ဖြစ်သော မင်းကုသ သည် မဒ္ဒရာဇ်တိုင်း ၊ ပြည်ငယ်ကလေး၏ ဘုရင့်သမီးတော်ဖြစ်သော ပဘာဝတီ ကို စွဲလမ်းရကား ၊ မဒ္ဒရာဇ်တိုင်းငယ်ကလေး သို့ပင် သွားရောက်၍ အိုးလုပ်ဖျာရက်နေရတယ် ၊ မင်းကုသကို လောဘရေစီးကြောင်းက သယ်ဆောင်သွားခြင်းဖြစ်တယ် ။ နောက်တဦီး ကြည့်ကြပါစို့ ... သေဋ္ဌေးသမီး ပဋာစာရီ သည် မိဘဆွေမျိုးများနှင့် စည်းစိမ်ဂုဏ်သိက္ခာတိုကို ပစ်ပယ်ပြီး ၊ ကိုဒါသနှင့် လယ်ကွင်း ဟင်းလင်းထဲတွင် အတူနေသည်မှာလည်း လောဘ အာသ၀ရေစီးကြောင်းတွင် မျောပါနေခြင်းဖြစ်ပါတယ် ။
ဗေဒါပင်များဟာ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းရေအလိုက် မျောပါနေသလို လူအများဟာလည်း ပွဲလမ်းသဘင် ၊ ရုပ်ရှင် ပျော်ပွဲ ရွှင်ပွဲများသို့ သွားလာနေကြတယ် ၊ ဗေဒါပင် ဟာ အနှစ်ရှိတယ်လို့ ထင်မှတ်ရပေမယ့် တကယ်တော့ အနှစ်မရှိပါ ။ အဲဒီလို ပွဲလမ်းသဘင် ရုပ်ရှင်ကြည့်တာဟာလည်း အပေါ်ယံ ကောင်းတယ်လို့ ထင်ရပေမယ့်တကယ်တော့ အနှစ်မရှိ အကာအတိသာ ဖြစ်တဲ့ အကုသိုလ်လုပ်ငန်းများသာ ဖြစ်တယ်။ ...... လူတို့ရဲ့ စိတ်မှာ လောဘ ယိုထွက်ဖန်များလာတဲ့အခါ မှာ ဒိဋ္ဌိ ၊ မောဟ တရားများ လည်းယိုထွက်လာတယ် ၊ လောဘ နှင့် ဒိဋ္ဌိ ဟာ အတူတူရောပါတော့တယ်။
ဝိသုဒ္ဓိမဂ် ၊ ကင်္ခါ ၀ိတရဏ၀ိသုဒ္ဓိ အဖွင့်တွင် --
ဒိဋ္ဌိဗန္ဓနဗဒ္ဓါတေ ၊ တဏှာ သောတေန ၀ုယှရေ ။
တဏှာသောတေန ၀ုယှန္တာ ၊ နတေ ဒုက္ခာ ပမုစ္စရေ ။ ဟူ၍ ပါရှိပါသည် ။
အမြင်မှား နှောင်ကြိုးဖြင့် နှောင်ဖွဲ့ခြင်းခံရသော ထိုသတ္တာဝါများသည် လောဘ ရေယဉ်ကြောမှာ မျောနေကြ၏ ။ လောဘရေယဉ်ကြောမှာ မျောနေကြသေးသမျှ ၊ ထိုသတ္တာဝါများသည် ဆင်းရဲအမျိုးမျိုးမှ မလွတ်နိုင်သေးပေ ။

အမြင်မှား နှောင်ကြိုးဖြင့် ဘယ်လိုများ နှောင်ဖွဲ့ ထားသလဲဆိုယင် “ ငါသွားတယ်” “ငါကြည့်တယ်” ငါလုပ်တယ်” ငါစားတယ်” ငါတပ်ကာမြင်မှားနေကြတယ် ။
အကုသိုလ်လုပ်ငန်းများဆောင်ရွက်နေသူများ ဟာ လူ့ဘ၀မှ အပါယ်ဘ၀ သို့ မျောပါသွားနိုင်ပါတယ် ။ အပါယ်ဘ၀ကို လိုချင်သော လောဘစိတ် ကားမဟုတ်ပါ ။ မြတ်စွာဘုရား လက်ထက်တော်အခါက သင်္ကန်းကို စွဲမက်၍ သေသောကြောင့် သင်္ကန်းတွင်း သန်းဖြစ်ရသော ရဟန်းသည် သန်းဖြစ်လိုသော လောဘမရှိပေ ။ သင်္ကန်းကို စွဲမက်သော လောဘစိတ်သာရှိတယ် ။ ထိုလောဘ ရေစီးကြောင်းက အားသန်လွန်းသောကြောင့် သာလျှင် ထိုလောဘကပင်သန်းဘ၀ သိုရောက်ရလေတယ် ။ ဆရာတော်ကြီးတပါး သည် သီလ၊ သမာဓိ နှင့် ပြည့်စုံသော်လည်း ငှက်ပျောပင်ကို နှစ်သက်စွဲလမ်းသောကြောင့် ပျံလွန်သောအခါ ထိုငှက်ပျောပင် ၌ ပိုးကောင်ကြီး ဖြစ်ရလေတယ် ။ အဲဒီလို ပွဲလမ်းသဘင်၊ ပျော်ပွဲများ ၊ စည်းစိမ်ဥစ္စာများကို လိုလားတပ်မက်လွန်းသော် အပါယ်လေးဘုံသိုရောက် ပါတယ် ။

လယ်တီဆရာတော် ဘုရားက စတုသစ္စဒီပနီ တွင် -- လောဘရေစီးကြောင်းကို တောင်ကျရေနှင့် ခိုင်းနှိုင်းပါတယ် ။ တောင်ကျရေဟာ သစ်ရွက် သစ်ခက်များကို အောက်သို့ မျှောချ သကဲ့သို့ လောဘ ကလည်း လူတို့ကို အပါယ်လေးဘုံ သို့ မျှောချပါတယ် လို့ မိန့်ဆိုထားပါတယ် ။
ရေဟာ အမြင့်မှ အနိမ့်သို့ ဆင်းတယ် ၊ သတ္တာဝါ တိုဟာလည်း ရှိရင်းစွဲဘ၀မှ အနိမ့်ဖြစ်တဲ့ အပါယ်လေးဘုံ သို့ ဆင်းကြရမည်ကား များလေတယ် ။ ဒါပေမယ့်လည်း ရေကို လေဖြင့် မှုတ်တင်ရင် အထက်သို့ တက်နိုင်သလို ကုသိုလ် လေဟုန်ဖြင့် မြှောက်တင်လိုက်မယ်ဆိုရင် အထက်နတ်ပြည် ၊ ဗြဟ္မာ ပြည်များသို့ ရောက်သွားနိုင်ပါတယ် ။

အာသ၀တရား ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ရွှေပြည် ကို မျက်မှောက်ပြုနိုင်ကြပါစေ ။။
မေတ္တာဖြင့်
ထားဝယ်ဆရာလေး

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .